Saturday, May 5, 2007

Mandalay's evening









..မေ ၂

အဲဒီနေ့ ရဲ့ လှပသေသပ်တဲ့ ညနေခင်းမှာ

သူက..

ပန်းနုရောင်ကကြိုး ၀တ်ရုံကို ခြယ်သပြီး

ကြယ်အပေါင်း ခြံရံလို့ တိမ်တွေပေါ်ကခုန်ဆင်းလာခဲ့တယ်။


ခန်းမဆောင်ထဲ လှမ်းအတက်မှာ

အကြည့်တစ်ချက်နဲ့ ပြုစားသွားခဲ့တယ်။

ကောင်မလေးရေ...


နင့်ရဲ့ အဖြူရောင်ခြယ်သထားတဲ့

ကောင်းကင်မှာ

ငါ့အတွက်ဘာမှ မရှိတဲ့

နင့်ရင်ဘတ်ထဲက အဖြူရောင်ခြယ်

အနက်ရောင်ပိတ်စ တစ်စ

လှစ်ဟ

နင် ... ပြုံးပြပြန်တယ် ......

ကြိုးမရှိတဲ့ ဂစ်တာတစ်လက်ရဲ့ အသံကို

ဘယ်သူတွေ နားလည်မလဲ

အသံမသာခဲ့သောဂီတ

အလွမ်းတွေကို ငါသတိတရ သိမ်းထားတယ်

မြေပြင်မှာ တစ်ခါမှ မပွင့်ခဲ့ရတဲ့ ပန်းတစ်ပွင့်

ပျော်ရွှင်စွာ ပွင့်ရဲသော ရက်စွဲတစ်ခု ပေါ့




ဆက်ရန် ..




Tuesday, April 24, 2007

Thit Sar Ni



(၁) ပဉ္စရူပဟူသော အကောင်ကို ကျွန်တော် စတင်မြင်ခဲ့ဖူးသည်မှာ အသက် ငါးနှစ်အရွယ်တွင် ဖြစ်လေသည်။ (အတိအကျပြောရလျှင် ကျွန်တော့်အဘွား ဖြစ်သူက ပဉ္စရူပအကြောင်း ပုံပြင်ကို ကျွန်တော့်အား ပြောပြခဲ့ပြီးနောက်၊ သုံးရက်မြောက်ညတွင် ဖြစ်ပါသည်။) ထိုညက .. ကျွန်တော့်အခန်း ပြတင်းပေါက်အား ထုံးစံအတိုင်း ပိတ်ပေးရန်၊ ကျွန်တော့်အမေသည် မေ့လျော့သွားခဲ့ပါသည်။ ကျွန်တော့်ကို သိပ်ပြီးလျှင် သူမိတ်ဆွေများ စောင့်ဆိုင်းနေသော ဖဲဝိုင်းသို့ အမြန်ဆုံးပြန်သွားရန် စိတ်အားထက်သန်နေပုံရပါသည်။ အဖေကမူ ဤအချိန် (ညကိုးနာရီ)တွင် ပြန်ရောက်လေ့မရှိပါ။ တခါတရံ မိုးလင်းမှသာ ပြန်လာတတ်လေသည်။ ကျွန်တော်သည် တက်ဒီကိုဖက်ကာ (ကျွန်တော်၏ အမွေးပွ ၀က်ဝံရုပ်ကလေး ဖြစ်ပါသည်) ပြတင်းဝမှ လှမ်းမြင်နေရသော ၀ိုင်းစက်ဝင်းပသည့် လမင်းကြီးကို အဓိပ္ပါယ်မဲ့ ငေးကြည့်နေမိသည်။ ထိုအခိုက်မှာပင် လေတဟူးဟူးတိုက်နေသော ပြတင်းပေါက်မှ ပဉ္စရူပတစ်ကောင်သည် ကျွန်တော့်အိပ်ရာပေါ်သို့ ပျံဝဲ ဆင်းသက်လာလေသည်။ သူသည် သဘောကောင်းပုံရကာ ကျွန်တော့်ကို သူ့ကျောပေါ်တင်၍ အဝေးကို ခေါ်ဆောင်သွားလေသည်။ တိမ်တွေကြားထဲကို ကျွန်တော်တို့ ထိုးဝင်ဖောက်ခွဲသွားခိုက်၊ လိမ့်ကျမှာမကြောက်ဘဲ ကျွန်တော် ပျော်ရွှင်နေခဲ့သည်။ ပဉ္စရူပက ကျွန်တော့်ကို အင်မတန်သာယာလှပသော တောင်ထိပ်တွင် ချပေးပါသည်။ ထိုနေရာတွင် ရောင်စုံပန်းတွေ ပွင့်ဝေနေကာ ရောင်စုံလိပ်ပြာလေးများ ပျံသန်းနေကြသည်။ ကြည်စင်သော စမ်းချောင်းကလေးများ စီးဆင်းနေကာ ကလေးတချို့က စမ်းချောင်းထဲက အရောင်စုံ ငါးကလေးများကို ရယ်မောရင်း လိုက်ဖမ်းနေကြသည်။ ကလေးတချို့က မနိမ့်မမြင့် သစ်ပင်တွေပေါ်တက်ကာ ချိုအေးပုံရသော အသီးတွေကို ခူးဆွတ်စားနေကြသည်။ ကလေးတချို့က စိမ်းမြသော မြက်ခင်းလွင်ပြင်တွင် လွတ်လပ်စွာ ပြေးလွှားဆော့ကစားနေကြသည်။ မောပန်းကြလျှင် လှပသော ပုံစံဆန်းဆန်းကလေးများဖြင့် ဆောက်လုပ်ထားသည့် ရေခဲမုန့်ဆိုင်ကလေးများ၊ ချောကလက် သကြားလုံး ဆိုင်ကလေးများတွင် ကလေးတွေ ၀လင်အောင် စားကြရသည်။ မည်သူမှ ပိုက်ဆံပေးစရာ မလိုပါ။ ထိုနေရာတွင်..
“မပြေးနဲ့ ခလုတ်တိုက်လဲမယ်” “ဒါတွေ မစားနဲ့ ချောင်းဆိုးလိမ့်မယ်” “ဒါတွေမကိုင်နဲ့၊ လက်တွေပေကုန်မယ်” “အကျယ်ကြီး မရယ်ရဘူး” စသည့် ကျွန်တော်တို့ ကြားနေကျစကားသံများကို မကြားရပါ။ ဟန့်တားမည့်သူ မရှိသော ထိုအရပ်တွင် ကျွန်တော်သည် လွတ်လွတ်လပ်လပ်ပင် ကစားချင်တိုင်းကစား၍ စားချင်တိုင်းစားလိုက်သည်။ မိုးလင်းသောအခါ အအေးပတ်ပြီး ရင်ကျပ်ကာ ကျွန်တော်ဖျားနေသဖြင့် အိမ်ကို ဆရာဝန်ပင့်ကာ ဆေးထိုးဆေးတိုက် ကုသခဲ့ရလေသည်။ (၂) ဒုတိယအကြိမ် ပဉ္စရူပကို ကျွန်တော်တွေ့သည်မှာ ဆယ့်သုံးနှစ်သားအရွယ်တွင် ဖြစ်လေသည်။ သတ္တမတန်း စာမေးပွဲကျသည့်အတွက် ကျွန်တော့်အဖေက ကျွန်တော့်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ကာ ထမင်းမကျွေးဘဲ အခန်းတံခါး ပိတ်လှောင်ထားစဉ် ဖြစ်သည်။ (၃) တတိယအကြိမ် သူ့ကို တွေ့ရသည်မှာ သစ်ပင်တစ်ပင်အောက်တွင် ကျွန်တော်တစ်ကိုယ်တည်း ထိုင်ကာ အရှေ့က ရေပြင်ကို ငေးကြည့်နေခိုက် ဖြစ်လေသည်။ ထိုနေ့ကား ကျွန်တော့်ဘ၀တွင် အကြီးမားဆုံးသော ဆုံးရှုံးမှုကြီးတစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့ရကာ မကြုံဖူးအောင် စိတ်ပျက်နွမ်းလျော့နေခိုက် ဖြစ်၏။ ပြင်းပြင်းထန်ထန် ကျွန်တော် စွဲလမ်းချစ်ခင်နေသော မိန်းကလေးတစ်ယောက်က ကျွန်တော့်ကို ခါးခါးသီးသီး ငြင်းပယ်လိုက်သော နေ့ဖြစ်သည်။ “ဟဲလို” ပဉ္စရူပဟာ ရေထဲက တက်လာကာ ကျွန်တော့်ကို နှုတ်ဆက်ရင်း ကျွန်တော့်ဘေးတွင် ၀င်ထိုက်လိုက်လေသည်။ သူ့ခန္ဓာကိုယ်မှာ ရွှဲနစ်နေကာ ရေစက်ရေပေါက်များက မြက်ခင်းပေါ်သို့ ယိုစီးကျလျက်ရှိသည်။ “ခင်ဗျားဟာ ရေထဲမှာလည်း နေတာပဲလား” “ငါက ပဉ္စရူပလေ။ မင်းဘာဖြစ်နေတာလဲ။ ကြည့်ရတာ အငွေ့ပျံတော့မယ့် ပုံလိုပဲ” “ကျွန်တော်ချစ်တဲ့ ကောင်မလေးက ကျွန်တော့်ကို ငြင်းလိုက်လို့ဗျ။ ကျွန်တော့်ဘ၀ဟာ ဘာမှ အဓိပ္ပါယ်မရှိတော့ဘူး”
“ဘ၀အဓိပ္ပါယ်ဆိုတာ အရွယ်နဲ့လိုက်ပြီး ပြောင်းလဲတဲ့အရာပါကွာ။ မင်းသူ့ကို တော်တော်ချစ်လို့လား” “ကျွန်တော့်ဘ၀မှာ ပထမဆုံး ချစ်ဖူးတာပဲ။ ဒီတော့ သိပ်ချစ်တယ်” “မင်း အသက်ဘယ်လောက်ရှိပြီလဲ”
“နှစ်ဆယ်” “နောက် မင်း ဒီ့ထက်ချစ်စရာကောင်းတဲ့ ကောင်မလေးတွေနဲ့ ဆုံဦးမှာပါ” “ကျွန်တော်ကတော့ သူကလွဲရင် ချစ်လို့ရမယ်မထင်တော့ဘူး” “မင်းလို ငယ်ငယ်ရွယ်ရွယ်နဲ့ အချစ်သူရဲကောင်းဘွဲ့ ခံချင်တဲ့ လူငယ်လေးတွေ ပြောနေကျ စကားပဲ။ လူငယ်ဘ၀ ရူးသွပ်မှုတစ်ခုပေါ့။ ပြီးတော့လည်း ပြီးသွားတာပါပဲ” “ခင်ဗျားသာ ပဉ္စရူပမဟုတ်ရင် ဆွဲထိုးမိမယ်” “ဒီမယ် မောင်ရင်လေး၊ မင်းစိတ်ထိခိုက်နေတာ သူ့အချစ်ကို မရလို့ မဟုတ်ဘူးကွ၊ ငြင်းပယ်ခံရလို့” “ဗျာ ငြင်းပယ်ခံရလို့ ဟုတ်လား” “ဟုတ်တယ်၊ သူငြင်းတာက မင်းရဲ့ မာနနဲ့သိက္ခာကို ထိပါးသွားတယ်။ ဒါကြောင့် မင်းမခံမရပ်နိုင်ဖြစ်နေတာ။ မင်းဘ၀မှာ ဆက်ရှင်သန်ချင်တယ်ဆိုရင် ငြင်းပယ်မှုတွေကို လက်ခံရဲတဲ့ သတ္တိရှိရမယ်။ လောကဆိုတာ ငြင်းပယ်မှုတွေက စိန်ခေါ်ဖို့ စောင့်နေတဲ့ အရပ်ပဲ။ မင်းဟာ ငြင်းပယ်ခံရလိမ့်မယ်။ မင်းကိုယ်တိုင်ကလည်း ငြင်းပယ်လိမ့်မယ်” ထိုစကားမှာ မှန်ပါသည်။ နောက်ပိုင်းတွင် ကျွန်တော်သည် ငြင်းပယ်မှုတွေကို ခံနိုင်ရည်ရှိသွားသည်။ ဥပမာ အမေရိကန်နိုင်ငံသို့သွားရန် လျှောက်ထားသော ကျွန်တော့်ဗီဇာကို အပယ်ခံရခြင်း။ ကျွန်တ်ာကိုယ်တိုင်လည်း ငြင်းပယ်ခဲ့တာတွေ ရှိလာခဲ့သည်။ ဥပမာ မိဘများက လက်ထပ်ပေးရန် စီစဉ်သော မိန်းကလေး။ (ထိုမိန်းကလေးကား ကျွန်တော့်ကို ဆွဲဆောင်နိုင်လောက်အောင် မလှပပါ)
ကျွန်တော် အတွေးထဲတွင် အတန်ကြာအောင် နစ်မျောနေပြီးနောက် သတိရ၍ ပဉ္စရူပကို ကြည့်လိုက်သောအခါ မတွေ့ရတော့ပေ။ ကျွန်တော့်ရှေ့ ကန်ရေမျက်နှာပြင်မှာကား ပျောက်ကွယ်လုဆဲဆဲ ဂယက်ကလေးတစ်ခုကို မြင်လိုက်ရလေသည်။ (၄) ဒီတစ်ခါတော့ အရက်ဆိုင်ထဲသို့ လှမ်းဝင်လာသော ကျွန်တော့်ကို သူက မြင်ကာ လှမ်းခေါ်လိုက်ခြင်း ဖြစ်လေသည်။ “ကောင်လေး ဒီကိုလာကွ” ပဉ္စရူပသည် ချောင်ကျကျ စားပွဲတစ်လုံးတွင်ထိုင်ကာ အရက်သောက်နေသည်။ ကျွန်တော်က သူ့စားပွဲသို့ လျှောက်သွားကာ ၀င်ထိုင်လိုက်သည်။ “ခင်ဗျား ကောင်လေးလို့ ခေါ်တာကိုတော့ မကျေနပ်ဘူး။ ကျွန်တော့်အသက်က ၃၅ နှစ်ရှိပြီ” ပဉ္စရူပက ပြုံးလိုက်ကာ “ငါကတော့ ၀က်ဝံရုပ်ကလေးပိုက်ပြီး ငါ့ကျောပေါ် ခွစီးလိုက်လာတဲ့ ငါးနှစ်သားကလေးလို့ပဲ မျက်လုံးထဲမှာ ခုထိ မြင်ယောင်နေတယ်” ထိုစဉ်က တိမ်တွေကြားထဲမှာ ထွင်းဖောက်ပျံသန်းသွားရသော အတွေ့အကြုံကို ကျွန်တော်သည် ပူနွေးစွာ အမှတ်ရနေဆဲ ဖြစ်သည်။ သို့သော် မြက်ခင်းပေါ်မှာ စမ်းချောင်းထဲမှာ ပြေးလွှားဆော့ကစားချင်စိတ်ရှိသောစိတ် ကုန်ခန်းသွားတာကတော့ ကြာချေပြီ။ “ခု ဘာဖြစ်လာတာလဲ” “စီးပွားရေးမှာ ကျွန်တော့်ပြိုင်ဘက်တစ်ယောက်ကို ကျွန်တော်နှိပ်လိုက်တာ သူ အလူးအလဲ ခံလိုက်ရတယ်။ နာလန်ထူမယ်တောင် မထင်ဘူး” “ဒါကြောင့် အောင်ပွဲခံတဲ့အနေနဲ့ မင်းက အရက်သောက်မလို့ပေါ့ ဟုတ်လား” “အောင်ပွဲ။ ဟုတ်လား။ ဘာအောင်ပွဲလဲ။ အောင်ပွဲဆိုတာဘာလဲ။ လူတစ်ယောက် ဘ၀ပျက်သွားတာ ပျော်စရာလား။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်ဘာသာတောင် ၀မ်းသာရမလား၊ ၀မ်းနည်းရမလား ဝေခွဲမရဘူး ဖြစ်နေတယ်” “မင်း မပြတ်သားတာပဲ၊ မင်းအပေါ် ဒီလူဟာ ကောင်းမွန်ခဲ့ဖူးသလား” “သူ သာတုန်းကနှက်လိုက်တာ ကျွန်တော် တော်တော်ခံလိုက်ရတယ်” “အဲဒါ သင်ခန်းစာပဲ၊ ပြိုင်ဘက်တွေကို ဘယ်တော့မှ မငဲ့ညှာနဲ့ ကောင်လေး” “ပြိုင်ဘက်တွေကလည်း မင်းကို ဘယ်တော့မှ ငဲ့ညှာမှာမဟုတ်ဘူး” ကျွန်တော် မူးအောင်သောက်ပစ်လိုက်သည်။ စားပွဲပေါ်ကို မှောက်လဲကျသွားသည်။ ပဉ္စရူပဘယ်အချိန်က ထွက်သွားသည်ကိုပင် မသိလိုက်တော့ပါ။ (၅) မိတ်ဆွေတစ်ဦး နှလုံးရောဂါကြောင့် အရေးပေါ် ဆေးရုံတင်လိုက်ရသဖြင့် လူနာမေးရန် ဆေးရုံသို့ ကျွန်တော်ရောက်ရှိသွားသည်။ မိတ်ဆွေလူနာကို သတင်းမေးပြီး ပြန်အထွက်တွင် သူ့ကို တွေ့လိုက်ရသည်။ ပဉ္စရူပသည် ခုတင်ဖြူဖြူပေါ်တွင် ပက်လက်လှန်လှဲနေကာ သူ့ခန္ဓာကိုယ်အနှံ့အပြားတွင် ပိုက်ကြိုးတွေသွယ်ဆက် ချိတ်ဆင်ထားတာ တွေ့ရသည်။ ကျွန်တော် သူ့ခုတင်ဘေးနား ကပ်သွားသောအခါ သူက မျက်စိဖွင့်ကြည့်သည်။ ကျွန်တော့်ကို ကောင်းကောင်းမှတ်မိဟန်တူ၏။ ကျွန်တော်ကပင် စတင်နှုတ်ဆက်လိုက်၏။ “ကျွန်တော်တို့ မတွေ့တာ အနှစ်နှစ်ဆယ်လောက် ရှိရော့မယ် ထင်တယ်” “အေးကွ မင်းအခုဘယ်လိုနေလဲ” “ဒီလိုပါပဲ” သူက ပြုံးသည်။ “ကောင်းလိုက်တဲ့စကား။ အမှန်တော့ ဘ၀ဆိုတာ ဒီလိုပါပဲ။ ဟုတ်တယ်။ ဒီလိုပါပဲ။ ဒဿနမဆန်ဘူးလားကွ” “ခင်ဗျားဟာ ဆိုကရေးတီး သေလို့ ၀င်စားတာလား” “တော်စမ်းပါ။ လူမိုက်တွေသာ အဆိပ်ခွက်ကို သောက်မှာကွ။ ပြောစမ်းပါဦး။ မင်းရဲ့ ဒီလိုပဲက ဘယ်လိုလဲ” “ကျွန်တော့်မိဘတွေ မရှိကြတော့ဘူး။ ကျွန်တော်နောက်ထပ် ကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်။ ဒီကောင်မလေးက ပထမ ကောင်မလေးထက် အစစအရာရာသာတယ်။ သူ့ကိုချစ်တဲ့ အချစ်က ပထမအချစ်ထက် ပိုပြီးလေးနက် ခိုင်မာတယ်။ သူနဲ့ကျွန်တော်နဲ့ လက်ထပ်လိုက်ကြတယ်။ ကလေးသုံးယောက်ရတယ်။ ကျွန်တော် အသက် ၂၅ နှစ်မှာ ဆေးလိပ်ဖြတ်လိုက်တယ်။ ဖဲလည်း မရိုက်တော့ဘူး။ အခုတော့ အရက်လည်းပြတ်သွားပြီ။ ကျွန်တော့်စီးပွားရေးလုပ်ငန်းလေးကလည်း အသင့်အတင့် အောင်မြင်တယ်။ ကျွန်တော့်မှာ မိသားစု နေလောက်တဲ့ အိမ်ကလေးတစ်လုံးလည်း ရှိတယ်။ ကျွန်တော့်ဘ၀ဟာ ဘာမှ ထူးထူးခြားခြား မရှိပါဘူး။ ကျွန်တော်ကလည်း ဘာမှ ထူးထူးခြားခြား မမျှော်လင့်ပါဘူး။ ဒီလိုနေရတာကို ကျေနပ်တယ်လည်း မဟုတ်ဘူး။ မကျေနပ်ဘူးလည်း မဟုတ်ဘူး။ အခု ကျွန်တော် ဘာကိုမှ လက်မခံတော့ဘူး။ အဲဒါကြောင့် ဘာကိုမှ မငြင်းပယ်တော့ဘူး။ အဲဒီတော့ ဘာကမှ ငြင်းပယ်တာကိုလည်း မခံရတော့ဘူး။ တကယ်တော့ ဘ၀မှာ အောင်ပွဲလည်းမရှိဘူး။ ရှုံးနိမ့်ခြင်းလည်း မရှိဘူး။ အိပ်မက်လည်းမရှိဘူး။ မျှော်လင့်ခြင်းလည်း မရှိဘူး။ တကယ်တော့ ဘ၀ဆိုတာ ဒီလိုပါပဲ” ပဉ္စရူပသည် ခုတင်ပေါ်တွင် မျက်လုံးများမှေးကာ ငြိမ်သက်နေသည်။ ကျွန်တော့်စကားများကို အလေးအနက် စဉ်းစားနေလေမလားမသိ။ (ကျွန်တော်ကတော့ အလေးအနက် မစဉ်းစားစေလိုပါ) သူ့ကို နှုတ်မဆက်တော့ဘဲ သူ့ခုတင်ဘေးက ကျွန်တော် အသာအယာ ထွက်ခွာလာခဲ့သည်။ ထိုအကြိမ်ကား သူနှင့်ကျွန်တော် နောက်ဆုံး ကြုံခဲ့ရခြင်းပင် ဖြစ်သည်။ ကျွန်တော် နောက်တစ်ရက်ကစ၍ သတင်းစာ၏ နာရေးကြော်ငြာကဏ္ဍတွင် သူ့အမည်ကို စောင့်စားရှာဖွေ ကြည့်ရှုနေခဲ့မိသည်။ သို့သော် ယနေ့ထက်တိုင်အောင်ပင် ပဉ္စရူပါဟူသော အမည်ကို မတွေ့ရသေးဘဲ ရှိလေသည်။ ~~~~~~~ သစ္စာနီ

Saturday, April 21, 2007

Story

အခုလို
လှပအေးစက်နေတဲ့ ညမှာပဲ
ငါ ပျိုးထားတဲ့ မြနှင်းဆီဟာ
ကြယ်တစ်ရာ ခြံရံပြီး ကြွေကျသွားတယ်။

တိမ်လွှာမျဉ်းကောက်တွေကလည်း
ချစ်သူတစ်ယောက်ရဲ့ မီးအိမ်မက်မှာ
ရွှေမျက်ရည်တွေ စိုလက်လာပြီလို့
မှိုင်းညို့နေတဲ့ ကောင်းကင်ကြီးကို
တီးတိုးပြောကြားလိုက်တယ်။

ချစ်ခြင်းမေတ္တာဟာ
မှော်ဆရာတစ်ယောက်ရဲ့ နိဂုံးလို
နောက်ဆုံးမှာ
မီးခိုးများဖြစ်သွားမလားလို့
နှုတ်ခမ်းကိုက်ပြီး ငါစဉ်းစားဘူးတယ်။

လူငယ်တစ်ယောက်ကိုပြုစားဖို့
အဘယ်ဘုရားထံ
နင့်လက်တွေ ဖြန့်ကားတောင်းခံခဲ့သလဲ
ငါ့ရာဇ၀င်ခပ်ကျဲကျဲကို
ငရဲမီးထဲ တွန်းချလိုက်ချင်တယ်။

လောကဓံဦးတုန်းက
အလွန်အကြူးသောက်ခဲ့တဲ့ အရက်တစ်ခွက်
ခုမှ ... စံပယ်ရွက်ပေါ်မူးလဲ
အသည်းကွဲတယ် ဆိုတာ
သီချင်းလေးတွေ တိုးတိုးညည်းရင်းက
ထိရှခဲ့တဲ့ သွေးမဲ့ဒဏ်ရာ တစ်ချက်ပါ။

သိုးကျောင်းသားရဲ့ ခံနိုင်ရည်နဲ့
နတ်ဘီလူးတွေရဲ့ သတိရခြင်းမျိုးက
ငါ့ကို စီးမိုးထားတယ်။

စက်ရုပ်ကို ဒူးထောက်ကျစေတဲ့
နင့်ရဲ့ မျက်ဝန်းစိမ်းလဲ့မှာ
ငါဘယ်လိုမှ မေ့မရတဲ့
မဟာလကာင်္တစ်ပိုင်းတစ်စ ရှိနေလေရဲ့။
အဲဒီလိုနဲ့ပဲ
ငါ..... ပြန်လည်ချည်နှောင်ခဲ့ပါ့မယ်
ချစ်သော ဖဲကြိုးဝါလေးရယ်။

လျှပ်စစ်မျှင်တန်းလို
ပူလင်းပြင်းထန်လွန်းတဲ့
သူရူးတစ်ယောက်ရဲ့ ပွေ့ဖက်မှုတွေထဲ
ခု..... ရထားတို့ဥသြဆွဲလိုက်ကြပြီ
ပြီးဆုံးသွားပါပြီ
အားလုံးပြီဆုံးသွားပါပြီတဲ့...။

ရှေ့လေတွေ တိုက်တုန်းက
ခါးကုန်းနေတဲ့ ငါတို့ရဲ့ မြရာပင်အိုကြီးက
တုန်ယင်ချည့်နဲ့စွာ ယိမ်းထိုးနေတော့တယ်... ။

ကျောင်းတော်ရဲ့ စည်းအပြင်
နှောင်းရိပ်တွေ တလွင်လွင်နဲ့
ထင်ယောင် ထင်မှား
လမ်းပေါ်မှာ ငါစဉ်းစားတာ
နင့်အကြောင်း ခေါင်းစဉ်များစွာပါပဲ။

ထိပ်ထားရယ်
အီဂျစ်ပြက္ခဒိန်ထဲက
မိုးတိမ်တွေရွာမယ့်နေ့
နင်နဲ့ငါ ပြန်လည်ဆုံတွေ့ကြရင်
အဲဒီအကြောင်းတွေ ပြောပြချင်ပါသေးတယ်။ ။

ငါက ဆပ်ပြာပူဖောင်းကိုခိုစီးပြီး
မြင်းမိုရ်တောင်ကြီးနဲ့ တိုက်မိမှာ
စိုးရိမ်ရှာသူ မဟုတ်ခဲ့
ဒါပေမယ့်
လေပွေလမ်းကြောင်းများမှာ
တုန်ဝါးဖျော့အေး
သစ္စာ ကိုပဲ့တင်သံနဲ့ပဲ ပြန်ပေးနိုင်ခဲ့သူ...။

ငါ့ကိုသတ် ငါ့ရင်ဘက်ကို ထိုးခွဲဖောက်လှန်ကြည့်
ငါ့လက်သီးထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့
သုညတစ်လုံးပဲ ရှိလိမ့်မယ်။

ဝိုင်ယာကြိုးတွေ
ထောင်း ခနဲ မီးပွင့်ပြတ်တောက်ပြီး
ရုတ်ခြည်းမှောင်အတိ ကျသွားတဲ့
အန္ဓတို့ရဲ့အိမ်အိုမှာ
တေလေပီသစွာ ငါနေတယ်။

တိတ်ဆိတ်... ပြာလဲ့နေတဲ့ည
ရေတွင်းထဲ ခေါင်းငုံ့ပြီး
... ကို ချစ်တယ်လို့
ဘယ်ဆီဘယ်ဝယ် ဟစ်အော်တမ်းတရတာ
ဘာကြောင့်ပါလဲ။

အုံ့ပုန်းချစ်သီချင်းကို
မဆိုချင်ပဲဆိုရတာ
ရွှေရည်စိမ်ထားတဲ့ လက်ပစ်ဗုံးကို
ကိုက်မျိုရသလိုပါပဲ... လို့
အက်ကွဲနေတဲ့ မယ်ဒလင်ကြီးက
ငါ့ကို ပြောပြတယ်။

အဲဒီလိုနဲ့
မိုးကိုဆန့်မြှောက်ထားတဲ့
မမီနိုင်သောလက်တွေဟာ
ဟိုး ... တုန်းကလိုပဲ
ငါ့ဆီမှာ မြေမှုန်တွေစွန်းထင်းလျက်ပါပဲလေ။

လူဆိုတာ
လင်းဝေစိမ်းမြတဲ့ ပန်းညများစွာထက်
သရဲခြောက် ရာ ညတညကို ပိုသတိရတတ်တယ်။

ငါသေသွားခဲ့လို့ရှိရင်
ငါ့ရဲ့သင်္ချိုင်းဂူမှာ
ကြက်ခြေခတ်တစ်ခုကိုသာ
မှတ်တိုင်အဖြစ် စိုက်ပေးထားပါ။

တကယ်တော့ အဲဒါဟာ
ငါသိသမျှ လောကဓမ္မကို
အကြွင်းမဲ့ဖော်ပြသွားခြင်းပဲ ဖြစ်လိမ့်မယ်။

ဟိုးငယ်ငယ်ကျောင်းမပြေးတတ်ခင်တုန်းက
ခရေပွင့်ပြထားတဲ့ သင်္ချာတစ်ပုဒ်
ငါ့အပေါ်ခုန်အုပ်ပြီး
မင်နီတွေ ရဲခနဲ သုတ်သွားဖူးတယ်။

ငါ...သတ္တိကောင်းကင်မှာ ... နီလွင်ထစ်ချုန်း
တစ်...
နှစ်...
သုံး...
အနက်ရှိုင်းဆုံး ထိုးကျပစ်လိုက်တယ်။

ထူးလှတယ်တော့လည်း မဟုတ်ပါဘူးလေ
ကြောက်မက်ဖွယ်ရာ လူတွေရဲ့
မဟာဘုတ် ဗေဒင်ထဲမှာ မှ
ငါကလည်း အဓိအတိ ဖွားဖြစ်ချင်ခဲ့တာကိုး ။

မြောက်လေသွေးတိုင်း မွှေးမြတဲ့ မျက်ရည်နံ့တွေ
လူငယ်တစ်ယောက်ရဲ့ လာရာလမ်းမှာ
ခုထက်ထိ သင်းပျံ့ဆွတ်ပေနေတယ်ဆိုတာ
ဘယ်သူကများ မျှဝေခံစားခဲ့သလဲ။

အိမ်အပြန်ညများစွာမှာ
ဘယ်သူ့မှ မပြောချင်တဲ့စကားတွေ ပွေ့ပိုက်
ကိုယ့်ကိုယ်ကို လူမိုက်လို့ ပြန်ခေါ်ခဲ့ရတယ်

၁၉၉၃... ၁၉၉၄...
ငါ့ကဗျာလေးတွေ ဆွေးမြည့်ကြေကွဲ
လမ်းဘေးအုတ်ခုံပေါ် လဲကျနေတယ်...။

နှင်းမြားတစ်လက်ရဲ့ အဆိပ်နဲ့
နိမိတ်မကောင်းတဲ့ ပုံပြင်
မမြင်ဘူးသောနေ့များ... ညများ
ပိတောက်ကိုင်းဖျားမှာ... ၀ပ်တွားစုရုံး
ငါ့ကို... ချည်ထုံးခဲ့တာ
(ခု... အချိန်တိုင်အောင်)
အလင်းစိမ်းတန်းတွေ ရစ်ဖွာလို့။

မြို့ပြင်လမ်းကွေ့က
တွေ့ခဲ့ဖူးတဲ့ ဂျစ်ပစီတွေလို
ဖြစ်ခဲ့သမျှကို
ရယ်ကာမောကာ ပြန်ပြောနိုင်တဲ့အကျင့်လေး
သွေးအေးအေးနဲ့ ကြိုးစားမွေးနိုင်ခဲ့ပြီ။

ဘာပဲဖြစ်ဖြစ်
ကျောက်ခေတ် ၊ ကြေးခေတ်
ညူကလီးယားကင်ဆာ ၊အနာဂတ်ခေတ်
အားလုံးအတွက်
သေချာတဲ့ငါ ... ကြေညာချက်တစ်ခုကတော့
နင့်ကို ထာဝရချစ်နေမယ်ဆိုတာပါပဲ။

ထိပ်ထားရယ်
ဖြစ်နိုင်မယ်ဆိုရင်
ဂန္တ၀င်ပန်းပုရပိုဒ်မှာ
နန်းသုံးအက္ခရာနဲ့ခြယ်မှုန်း
နင့်နာမည်လေး စာသုံးလုံးကို
စီရီသီကုံးပေးချင်တယ်။

နင့်အပေါ်ထားတဲ့ ... ငါ့ရဲ့ချစ်ခြင်းမေတ္တာဟာ
မိုးပေါ်ကိုဦးမော့ပြီးဝင်းပစွာ လင်းမြတုန်ခါနေတဲ့
ရွှေဝါရောင် မီးတောက်မီးလျှံလိုပါပဲ။

ကျောင်းရှေ့က စံပယ်ရုံမှာ
ဗီးနပ်ရဲ့ နက္ခတ်တို့ တလက်လက်ပြာဝေမှုန်သင်း
ကျောင်းခန်း အတွင်းမှာ
လမင်းလေးသာခဲ့ဖူးတယ်။

ချစ်သောကျောင်းသွားဖော်ရဲ့
ပန်းရုပ်လွှာကို မျှော်တွေးရင်း
ဆွေးလျှညှိးခွေ ... ဖြေမပြေသူလေးအတ္တွုပတ္တိ
မြရာပင်ကြီးသိပါတယ်။

ကမ္ဘာဦးလူတို့လည်း ( ဂူနံရံမှာ )
ငယ်ကျွမ်းမျက်နှာေ၀၀ါး
ပညာရှိကြီးများရယ်
ပါဠိစာလုံးတွေနဲ့
ငါ့ပေါ် မဆုံးဖြတ်ပါနဲ့ဦး...။

ချစ်သူကိုတောင် ချစ်တယ်လို့
မပြောရဲတဲ့ကောင်
ရာစုတစ်ထောင်နေရစ်ခဲ့
ထိုသို့ဖြင့်စကားမဲ့စေသတည်း
မြရာပင်ကြီးရဲ့
ညည်းတွားသဲ့သဲ့ သန်းခေါင်ယံ
ငှက်ဆိုးအုပ်နဲ့ အတူ
ရုတ်တရက် လန့်ပြန်သွားတယ်။

ချို့တဲ့သောဘဝ
ဆန္ဒရဲ့ မပြေလည်မှု
အနီရောင်မှတ်တမ်းတစ်ခုနဲ့ ချစ်သူအတွက် ပန်သစ္စာ
သြော်ငါ့ကိုလေ
နားလည်ပါ နားလည်ပါ
နားလည်စမ်းပါ... ။

အဲဒီနေ့ရက်တွေမှာ
မာရ်နတ်ရဲ့ ဘယ်ဘက်လက်က
အနက်ရောင်ကျမ်းချက်တစ်ပိုဒ်ဟာ
ငါ့ကို စီးနင်းတိုက်ခိုက်ဖို့
မြင်းကကြိုးတို့ကို ပြင်လို့ သလို့ပေါ့

ဘာပဲပြောပြော
ရွှေနဲ့စက်ဝယ်လို့မရတဲ့
နောက်ဆုံးကလူရဲ့ အတွေ့အကြုံမှာ
သံမှုန်တွေကပ်ပါနေရဲ့
ငါ ... ဘာကိုမှ မကြောက်ခဲ့ဘူး ။

ဟောဒီလောကတောက်လျှောက်
ကျောက်သင်ပုန်းပေါ်ကစာနဲ့စာရင်
ဗလာစာအုပ်ပေါ်ကစာကမြတ်တယ်တဲ့
အဲဒီအော်သံကို ငါရယ်နေခဲ့တယ်... ။

မင်းကတော့ဘာလဲလို့
အန္ဓတွေက ၀ိုင်းမေးတော့
၁...၂...၃...၄...၅...
ငါအကုန်စဉ်းစားတယ်။
၆...၇...၈...၉...ဝ
တစ်ခုမှ မဟုတ်ဘူး
ငါ့အတွက် ဂဏန်းမရှိဘူး ။

သွေးနဲ့ယက်တဲ့ ကတ္တီပါစလို
နီလွရှင်းတောက်
ကြောက်ခမန်းလိလိ လှပတဲ့
နှလုံးသားက ဂီတသံစဉ်
နှင်းဆီဝိညာဉ်မှာ တင်တဲ့ကမ္ဗည်း
လကွယ်ရောက်တိုင်း ... ငါဂစ်တာတီးနေမယ် ။

ကျဆုံးတော့မယ့် စစ်သူရဲအိုက
ငယ်ဘ၀က ဓားနဲ့ ချစ်သူကို
ပြင်းရှစွာ သတိရလိုက်သလိုမျိုး
နင့်ကို ငါ သတိရနေတယ်။

ထိပ်ထားရေ ...
ထိပ်ထားရေ ...
ထိပ်ထားရေ ...
သစ်ခုတ်သမား မရှိတဲ့ တိုင်းပြည်မှာ
ငါ ... လယ်သမားဖြစ်ချင်တယ်
နင် .. ဘုရင်မ .. လာမလုပ်ရဘူးနော်

တော်တော်ကြာ
တံစဉ်တစ်လက်ရဲ့ ကျင့်ဝတ်မှာ
သန်လျက်အတွက် ပန်းခူးပေးခွင့်မပါလို့
ရွာဇနပုဒ်ရဲ့ မိုးရေထဲမှာ
ငါ .. တစ်ယောက်တည်း
မျက်ရည်ဝဲနေရပါဦးမယ်။

ငါကလည်း ခက်တယ်
ကဗျာတစ်ပုဒ်နဲ့
နေမ၀င်အင်ပါယာ
ဘယ်ဟာယူမလဲလို့ မေးလာခဲ့ရင်
ဒုတိယအရာကို ငါ .. ငြင်းတယ် ။

အဲဒီလိုနဲ့ပဲ
မှောက်ထားတဲ့
ငါ့ရဲ့ ကံ့ကော်ရွက်ဖဲချပ်လေးတွေ
လောကကြီးကို အမျှဝေရင်း
မြေမျိုခံခဲ့ရတာ..
ကြာပြီကောလေ... ။

တောင်ညိုမှာ ပြိုတဲ့မိုးတွေ
နင့်မျက်နှာလေးကို တိုးသက်တဲ့အခါ
တောင်ပင်လယ်ကဗေဒါတွေဟာ
ဆောက်တည်ရာ မရ ဖြစ်ကုန်ကြတယ် ။

ဟေး ... ငါပြောမယ်
အက်ဆစ်တိမ်းမိုးတို့
မုတ်သုန်ကို နှိုးပါ
ဒီလူဆိုး အတွက်လည်း
မိုး ကြမ်းတစ်စက်စက်ရွာပါ .


မထိုက်တန်သူဆိုတာ
လွင့်မြောရမှာ ပါပဲ
ခွဲခွာခြင်းဟာ
ခရမ်းပြာကျည်ဖူးကို
အဆိပ်ချိုတွေ လိမ်းသုတ်
နှလုံးသား တည့်တည့်ဆီ
ချိန်ရွယ် မောင်းဖြုတ်လိုက်တယ် ။

သက်ပြင်းဝေေ၀
ခရေတို့နှင်းစက်ဖားလျား
မျက်ရည်ကိုစားတဲ့
ချောက်ချားဖွယ်ရာ စကားမဲ့ည
ငါဟာ ထက်ပိုင်းချိုးခံခဲ့ရတဲ့
တစ်ခြမ်းပဲ့ လ ပဲဖြစ်တယ် ။

အိမ်မက်ထဲက ကမ္ဘာစစ်လို
အရိုးပြိုင်းပြိုင်း ညနေအိုက
မြေကိုရှိခိုး
မြူခိုးတို့ ပြောင်းအိညွတ်တွဲ
လူငယ်ဘ၀ရဲ့
ညရိပ်တို့ မှုန်ဝေ ၀မ်းနည်းခဲ့ရတယ် ။

အခင်ဆုံး မဖြစ်ခဲ့ပေမယ့်
အခင်ဆုံးတွေ အကြောင်းတွေပြောတိုင်း
သတိရမိနေကျ သူငယ်ချင်းတစ်ယောက်ဆီ
ငါ ... မရောက် ရောက်အောင်သွားမယ် ။

ပြီးတော့
ခရိုးခရိုင် လက်ဖက်ရည်ဆိုင်လေးမှာ
ကဗျာအကြောင်း စာအကြောင်းတွေပြောရင်း
ကိုယ့် ကိုယ်ကို ပြန်လည် ဆန်းဆစ်မယ်ကွယ် ။

အရက်သမားက
သူတစ်ပါးကို လွမ်းဆွတ်တာ
ရယ်စရာမဟုတ်ပါဘူး
တစ်ရံ တစ်ခါရဲ့
ပြန်မလာတဲ့သူတို့
သိကြဖို့ကောင်းတယ်။

လေညှင်းကလေးရေ
ငါချစ်မြတ်နိုးရတဲ့ ကမ္ဘာရဲ့ထိပ်ထားကို
သူ့ဆံနွယ်ခက်လေးတွေ
ဖွားခနဲ လွင့်ဝဲသွားရုံ
တစ်ချက်လောက် အုံ့သည်းတိုက်ခတ်ပေးပါ။

လေစီးထဲမှာ
ဖွာကြဲလှပနေရှာမယ့်
သူ့ရဲ့ ကေသာဆံမြကို
အဝေးကနေ ရှိုက်မွှေးလွမ်းဆွတ်ပါရစေဦးနော် ။

အထီးကျန်တောင်ကို အုပ်စိုးဖို့
နတ်ပြည်ကရွာချတဲ့
ငါ့ အတွက် အညတရမိုးရေ
နေပါစေတော့ ။

အဲဒီညဟာ
တစ်ခြမ်းပဲ့ လ က
အသက်ပေးပြီး ကာကွယ်ခဲ့ရတဲ့
အလံ မလဲမီညဖြစ်တယ် ။

မြက်ရိုင်းက
မိုးကုတ်စက်ဝိုင်းကို နမ်းမရသလိုမျိုး
နေနဲ့လက
တစ်ယောက်ကို တစ်ယောက် မပိုင်ဆိုင်ကြသလိုမျိုး
ရိုးသားစွာ တို့ဝေးလိုက်ကြပါစို့ ။

ချစ်သူကိုမြတ်နိုးရုံနဲ့
အရာရာကို လက်ဖြန့်မိုးစောင့်ရှောက်ချင်တဲ့လူငယ်
ခု ... ခြွင်းချက်နဲ့လက်နက်ချလိုက်ပါတယ် ။

တေလေဘ၀ရဲ့
ပထမဆုရ အမှားတွေကို
လွယ်အိပ်ညိုထဲထည့်ပြီး
မီးအိမ်လက်ဆွဲ
ရာဇ၀င်ထဲမှာ ခရီးဆက်ရဦးမယ် ။

ထိပ်ထားရေ ...
ကချေသည်တို့ရဲ့တေးတွေနဲ့
ငြိမ်းအေးပျော်ရွင် ထာဝစဉ်ချမ်းမြေ့စေသား
ကောင်းသောမိုးသောက်ချိန်၌လည်း
ငြိမ်သက်တည်ကြည်စေ
ငါ .... ဆုတောင်းပေးနေမယ် ...

ပန်းခူးရင်း
သူငယ်ချင်းတွေနဲ့နေရင်း
စကားပြောရင်း
သီချင်းလေးတွေဆိုရင်း
မင်း ... ငါ့ကိုမေ့သွားမှာပါ ။။။။

Wednesday, April 11, 2007

Tuesday, April 10, 2007

My Favorite Poem 1

ကျွန်တော်နှစ်သက်တဲ့ကဗျာလေးတွေ သိမ်းထားတာကို မျှဝေပေးလိုက်ပါတယ်။ကိုယ်တိုင်ရေးတာတော့ မဟုတ်ပါဘူး၊ တွေ့သမျှဆိုဒ်ထဲကနေ ကူးထားတာပါ။အဓိက ကတော့ ကိုညီလင်းဆက်နဲ့ မနိုင်းနိုင်းစနေ တို့ဆီကပေါ့။ ကိုညီလင်းဆက်နဲ့ မနိုင်းနိုင်းစနေ တို့ရေ ကျွန်တော့်ကို ခွင့်ပြုပါနော်။ ဆရာအောင်ဝေးကတော့
အကြိုက်ဆုံးပေါ့။

သားချော့တေး

သားရေ
ငိုသံတွေကို လမ်းခင်းပြီးမှ
မင်းရဲ့နန်းတော်ကြီးဆီ ရောက်မယ်ဆိုရင်
အဲဒီလမ်းကို မလျှောက်လေနဲ့။

မိုးလောက်ကြီးပဲ မြင့်ပါစေ
လူတွေရဲ့ ပခုံးကို တက်နင်းပြီးမှ
မင်းဘ၀ အထက်တန်းကျမယ်ဆိုရင်
အဲဒီအမြင့်ကိုလည်း မလှမ်းလေနဲ့။

မင်းရဲ့ ယုံကြည်ချက်ကြောင့်
ဘ၀တွေပျက်
အိုးအိမ်တွေပျက်
မိသားစုတွေရဲ့ ပျော်စရာအနာဂတ်တွေလည်း
ကြေကွဲပျက်စီးရမယ်ဆိုရင်
အဲဒီယုံကြည်ချက်ကိုလည်း မင်းအကောင်အထည်မဖော်လေနဲ့။

မသိနားမလည်သူ
လူတွေကို လှည့်စားပြီးမှ
ဇိမ်ခံခွင့်ရမယ်ဆိုရင်
အဲဒီစည်းစိမ်ကိုလည်း မင်း မမက်မောလေနဲ့။

ဒီလောကကြီးမှာ
သစ်သီးကလေးတစ်လုံး သီးဖို့
အချိန်တွေ အများကြီးယူရတယ်
ပန်းကလေးတစ်ပွင့် ပွင့်ဖို့
အဆင့်ဆင့် တည်ဆောက်ခဲ့ရတယ်
မြေနီလမ်း နံဘေးက
တောပန်းကလေးတွေကအစ ကြင်နာပါ
ဒုက္ခရောက်သူကို ဖေးကူပါ
လူ့သိက္ခာကို စောင့်ရှောက်ပါ
အပြစ်ကင်းမှုတိုင်းကို ချစ်ပါ။

ရိုးသားဖြူစင်သူတွေကို
တစ်ဖက်သတ် အနိုင်ယူပြီးမှ
မင်းရဲ့ သရဖူကို ရမယ်ဆိုရင်
အဲဒီသရဖူကိုလည်း မင်းလုံးဝမယူလေနဲ့။ ။

မိုဃ်းဇော်
(မိုဃ်းဇော် သေတမ်းစာ ကဗျာစာအုပ်မှ)

-------------------------------------------------------------------------------------------------


· The furthest distance in the world
is not between life and death
but when I stand in front of you
yet you don't know that I love you

· The furthest distance in the world
is not when I stand in front of you yet you can't see my love
but when undoubtedly knowing the love from both
yet cannot be togehter

· The furthest distance in the world
is not being apart while being in love yet cannot be togehter
but when plainly can not resist the yearning
yet pretending
you have never been in my heart

· The furthest distance in the world
is not when plainly can not resist the yearning yet pretending
but using one's indifferent heart to dig an uncrossable river
for the one who loves you .

ကမ္ဘာပေါ်မှာ အဝေးဆုံး အကွာအဝေးဆိုတာ
ရှင်ခြင်းနဲ့ သေခြင်း မဟုတ်ဘူး။
ငါဟာနင့်ဘေးမှာ ရှိရက်နဲ့ ငါချစ်တာကို နင်မသိတာပဲ။

ကမ္ဘာပေါ်မှာ အဝေးဆုံး အကွာအဝေးဆိုတာ
နင့်ဘေးမှာ ရှိရက်နဲ့ ငါချစ်တာကို နင်မသိတာ မဟုတ်ဘူး။
နှစ်ယောက်စလုံး ချစ်ရက်နဲ့ အတူတူ မနေကြရတာပဲ။

ကမ္ဘာပေါ်မှာ အဝေးဆုံး အကွာအဝေးဆိုတာ
နှစ်ယောက်စလုံး ချစ်ရက်နဲ့ အတူတူ မနေကြရတာ မဟုတ်ဘူး။
ချစ်နေ လွမ်းနေရက်နဲ့ စိတ်မ၀င်စားသလို ဟန်ဆောင်နေတာပဲ။

ကမ္ဘာပေါ်မှာ အဝေးဆုံး အကွာအဝေးဆိုတာ
ချစ်နေ လွမ်းနေရက်နဲ့ စိတ်မ၀င်စားသလို ဟန်ဆောင်နေတာ မဟုတ်ဘူး။
အေးစက်တဲ့ အသဲနှလုံးနဲ့ ကိုယ့်ကို ချစ်တဲ့လူကို ဥပေက္ခာပြုလိုက်တာပါပဲ။


အောင်ဝေး

( ၁ )

အရှေ့ရိုးမရဲ့

ရေချိုးပြီးစည၊ လှပနေပါပြီ။

မီးခိုးပြာမြမြ

လှိုင်းခုံးထခရမ်းရောင်၊ ကြယ်ရောင်လရောင်

မညိုမှောင်ခင်

တောင်ခြေကို ကပ်ကြတော့မယ်။

ဒါ ... နောက်ဆုံး အခေါက်ပဲနော်

ရိုးထဲရေထဲ၊ ထင်းလှည်းဝါးလှည်း

ဟောဟဲဆူညံ၊ တောလှည်းအူသံ

ပူပန်စရာ

ကဗျာတစ်ပုဒ်။

ရိုးမရဲ့ နွေ

သေပြီ။

စစ်တောင်းမြစ်ကမ်းပါး

အလွမ်းများနဲ့

နွမ်းပါတဲ့ ရွာတွေ

နွေကို ဖြတ်သန်းခဲ့

စိမ်းလန်းတဲ့ အိပ်မက်တွေ

ငြိမ်သက်ကြွေကျခဲ့

ညကတော့

မှောင်ခဲ့ပါပြီ။

( ၂ )

ဧသန်လေထဲ

တောင်ခြေရွာမည်းမည်းလေး

လွမ်းဆွေးနေရှာတယ်။

ကိုင်း ... နားလိုက်ကြဦးစို့ရဲ့

ဖေ့သားကြီးတို့ရယ်

မီးရောင်မဲ့ည

လင်းဖွဲ့လိုက်ကြ၊ အခိုက်အတန့်မှာ။

မိုးနံ့ကလေးသင်း

ရိုးပြန့်ကလေးလင်း

ဝါးထင်းငုတ်တော၊ နွားချင်းရှုပ်ရော

မောလိုက်တာ။

လှည်းစခန်းတစ်ဝိုက်ဟာ

စိုအိုက်မြေပြာလွ

ရိုးမကတ္တီပါစ

ဖြန့်ချနေပါရဲ့။

မီးပုံထွန်းငြှိ

နွမ်းရိလှုပ်ခတ်၊ ရုပ်အဖွဲ့အစည်း

မပြီးသေးဘူးလေ။

လှည်းဦးဒေါက်ထောက်

သစ်ပင်အောက်၊ ၀ါးရုံအောက်

နွားငေါက်သံ၊ ဓားပျောက်သံ

ဆူညံပဲ့တင်ပြန်တယ်။

( ၃ )

မှိုင်းမြတဲ့

အရှေ့ည၊ လွမ်းတခဲ့ပြီ။

ကြယ်စလစ

မျက်စမှိတ်လင်း၊ ဆန်အရက်ပြင်းပြင်းတစ်ခွက်

အိပ်မက်တောင်မှ မမက်ရရှာဘူးကွယ်။

အရုဏ်တက်ရင်

အရှေ့တခွင်လုံးနီ၊ နေရီရီရိုးမ

နိုးထလို့လာမယ်။

သစ်ခွပြာရဲရင့်

မုန်တိုင်းသင့်သတဲ့

ရင်ဖြင့်ရင်းနှီး၊ မပြီးဆုံးသော

တောကြီးဟေ၀န်မှာ၊ နွေလွန်ပေမယ့်

တို့မလွန်သေးဘူး

မလွန်သေးဘူးကွယ်။

မနက်မလင်းခင်

ချဉ်းကပ်တောင်ပေါ်၊ လျှိုမြောင်တိုးရှဲ

ရိုးချောင်းစုန်ဆင်း၊ ထင်းဖြတ်သမား

ရှင်းပြတ်သွားတော့မယ်။

ဝါးခုတ်သမား

ဓားထုတ်ထားရော့မယ်။

( ၄ )

ဆာလောင်မှု မြင်းရိုင်းရထား

အတင်းစိုင်းသွား

ထမင်းဝိုင်းကြားမှာ။

ကွဲအက်ဆို့ညပ်

ရိုးမရဲ့လက်တွေ၊ ရှုပ်ယှက်ခတ်

ထမင်းတစ်နပ်ဟာ

အားလူးဟင်းတစ်ဖတ်နဲ့

အလွမ်းဇာတ်ပေလား။

အရှေ့ရိုးမကို လွမ်းတုန်း

လွမ်းတုန်း၊ လွမ်းတုန်း

နောက်ဆုံးအခေါက်၊ နောက်ဆုံးညစာ

ကဗျာမဆန်တဲ့ ရုပ်ပုံလွှာ။

ဗန်ဂိုး ရေ ...

ဆွဲလိုက်ပါလား

ရိုးမထဲက

အာလူးစားသူများ။






Home Town


ကျွန်တော်တို့ မြို့လေးမှာ ဒီချိန်ဆိုတမာရနံ့နဲ့အတူ ပိတောက်ရနံ့တွေ သင်းပျံ့နေပြီလားမသိဘူး. ။သူငယ်ချင်းနဲ့ဖုန်းပြောရတော့ သင်းဖို့နေနေသာ သာ မနေ့က လေတွေတိုက်လို့ ဖုန်တွေ တထောင်းထောင်းထနေတယ်လို့ ပြောတယ်။မနက်ကျတော့လည်းမိုးတွေ ဘာတွေရွာတယ်လို့ပြောသေးတယ်။ဘာပဲဖြစ် မြို့လေးကတော့ ချစ်ဖို့ ကောင်းနေပါတယ်။ချင်းတွင်းမြစ်ကြီး စီးဆင်းနေပြီး ၊ ဖော်ရွေလှတဲ့ မြို့သူ မြို့သားတွေကြောင့်ပါပဲ။



ပြီးတော့ တန်ခိုးကြီးဘုရားတွေ ဖြစ်တဲ့ မိုးညှင်း ၊ဗောဓိတစ်ထောင်၊ ကျောက်ကာ ၊.... အစရှိတဲ့ ဘုရားတွေ
ကမ္ဘာကျော်လယ်တီကျောက်စာတိုက် ကြီးလဲရှိတယ်ဗျ။

ကျွန်တော်ကတော့ အနောက်မြောက်တိုင်းမြိုတော်လို့ခေါ်တဲ့ မုံရွာမြို့ ကပါ။ခုမှသာ အနောက်မြောက်တိုင်း မြိုတော်လို့ခေါ်တာပါ။အရင်က တော့ သလ္လာဝတီ (သို့) မုံရွာမြို့ပါပဲ။

တကယ်တော့ ကျွန်တော်ကို မုံရွာမှာမွေးတာ မဟုတ်ပါဘူး။မုံရွာမြို့နဲ့ ၁၃ မိုင်ဝေးလှတဲ့ ရွာလေးတစ်ရွာကပါ။ ကျွန်တော် ကျောင်းစတက်မှ မုံရွာကို မိသားစုပြောင်းခဲ့ကြတာပါ။ ကျွန်တော်မုံရွာရောက်တော့ အ.ထ.က (၁) မှာ ကျောင်းတက်ခဲ့ရတယ်ဗျ။ သူငယ်တန်းကနေ ဆယ်တန်းထိအောင်ပေါ့ဗျာ။
.........